အာဆင်နယ်ရဲ့ အမာခံ ကွင်းလယ်လူ ဒီကလန် ရိုက်စ် ကတော့ အီတီဟတ်မှာ ကစားရမယ့် မန်စီးတီးနဲ့ ပွဲဟာ “ အကြီးမားဆုံး စမ်းသပ်မှု” ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဒါ့အပြင် ရိုက်စ်က ပရီးမီးယားလိဂ် ဖလား အတွက် အဆုံးအဖြတ် ဖြစ်လာမယ့် အဆိုပါ ပွဲစဉ် အတွက် အဆင်သင့် ဖြစ်နေကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။
အာဆင်နယ်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ အီတီဟတ်ကွင်းဆီ သွားရောက်ပြီး ပရီးမီးယားလိဂ် ဖလားလုဖက် မန်စီးတီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တပတ်က ဘုန်းမောက်ကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့တာကြောင့် အာဆင်နယ်ဟာ ဇယားထိပ် ကနေ ၆ မှတ်သာ ဖြတ်ထားနိုင်ပါတော့တယ်။ ဒါ့အပြင် ဒုတိယနေရာက မန်စီးတီးထက် တစ်ပွဲ ပိုကစားထားတဲ့ အခြေအနေကြောင့် ဖိအားတွေ အောက်က လုံးဝ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။
မီခဲလ် အာတေးတားရဲ့ အသင်းဟာ ကြားရက်က စပို့တင်းလစ္စဘွန်းနဲ့ ဂိုးမရှိ သရေကျခဲ့ပေမယ့် ပထမအကျော့က နိုင်ပွဲကြောင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့လို့ စိတ်ဓာတ်ပိုင်း မှာလည်း ပြန်လည် ကောင်းမွန်နေပုံပါပဲ။ ဒါပေမယ့် အာဆင်နယ်ဟာ ပြည်တွင်း ပြိုင်ပွဲတွေ ဖြစ်တဲ့ ခရာဘောင်ဖလား ဗိုလ်လုပွဲ (မန်စီးတီးနဲ့ပွဲ)၊ အက်ဖအေဖလား (ဆောက်သမ်တန်နဲ့ပွဲ) နဲ့ ပရီးမီးယားလိဂ် (ဘုန်းမောက်နဲ့ ပွဲ) စတဲ့ နောက်ဆုံး ၃ ပွဲ ဆက်တိုက် ရှုံးနိမ့်ထားပါတယ်။
အကယ်၍ လာမယ့်ပွဲ မှာသာ ထပ်မံ ရှုံးနိမ့်ခဲ့ရင်တော့ ၂၀၁၈ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ပြည်တွင်း ပြိုင်ပွဲ ၄ ပွဲ ဆက်တိုက် ရှုံးနိမ့်တဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်သွားရနိုင်ခြေ ရှိနေပါတယ်။ ဒီအချိန်မှာ ဒီကလန် ရိုက်စ်က အသင်းရဲ့ ခြေစွမ်းပိုင်း တိုးတက်ဖို့ လိုအပ်နေကြောင်း အခုလိုပဲ ဝန်ခံခဲ့ပါတယ်။

“ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဘုန်းမောက်နဲ့ ပွဲကထက်ရော၊ ဒီည (စပို့တင်းနဲ့ပွဲ) ကထက်ရော ပိုပြီး ခြေစွမ်းပြနိုင်ဖို့ လိုအပ်ပါတယ်။ မကြာသေးခင်က ကျနော် တို့ဟာ အရင်အပတ်တွေကထက် အမှားတွေ ပိုလုပ်မိခဲ့ကြတယ်။ အခြေခံကျတဲ့ ၅ ကိုက်၊ ၁၀ ကိုက် ပေးပို့မှုတွေ မှာတောင် ပေါ့ပေါ့ဆဆနဲ့ အမှားတွေ ရှိခဲ့ပါတယ်။”
“အီတီဟတ်ကွင်း ကတော့ အကြီးမားဆုံး စမ်းသပ်မှုပါပဲ။ ဒါပေမယ့် ဒါကြောင့်ပဲ ကျနော်တို့ ဘောလုံး ကစားနေကြတာပါ။ ဒါကြောင့် ဒီပွဲကို ရင်ဆိုင်ဖို့ အဆင်သင့်ပါပဲ။ ကျနော်တို့ ကလေးဘဝ ကတည်းက ပရီးမီးယားလိဂ် ကြည့်ရင် အခုလို ဖလား အတွက် အဆုံးအဖြတ် ဖြစ်မယ့် ပွဲကြီးပွဲကောင်းတွေကို မြင်တွေ့ခဲ့ရတာပါ။ အခုတော့ ကိုယ်တိုင် အဆင်သင့် ဖြစ်ပြီလား၊ ဘယ်လောက် အထိ လိုချင်စိတ်ရှိသလဲ ဆိုတာ ပြသရမယ့်အချိန် ရောက်လာပါပြီ။ သူတို့ (မန်စီးတီး) ကတော့ လက်ရှိမှာ ခြေစွမ်း အတော်ကောင်းနေပါတယ်။ ဒီလိဂ်မှာ ဘယ်သူကမှ ကိုယ့်လက်ထဲ ဆုဖလား လာထည့်ပေးမှာ မဟုတ်ဘူးလေ။” လို့ ရိုက်စ်က ပွင့်ပွင့်လင်းလင်းပဲ ပြောသွားခဲ့ပါတယ်။
ဆက်လက်ပြီး ရိုက်စ်က “အဲဒီကွင်းမှာ သွားနိုင်ဖို့ ဆိုတာ ကြီးမားတဲ့ သက်သေပြချက် တစ်ခု ဖြစ်လာပါလိမ့်မယ်။ ကျနော်တို့ အသင်းသားတွေ အဆင်သင့် ဖြစ်နေပါပြီ။ ဘာတွေလုပ်ရမလဲ ဆိုတာ ကျနော်တို့ အချင်းချင်း တိုင်ပင်ထားပြီးသားပါ။” လို့လည်း ဖြည့်စွက် ပြောကြားသွားခဲ့ပါတယ်။
အာဆင်နယ်ဟာ မန်စီးတီးနဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ ရှုံးပွဲ မရှိထားပါဘူး (၂ ပွဲ နိုင်၊ ၃ ပွဲ သရေ)။ အဲဒီမတိုင်ခင်တုန်း ကတော့ မန်စီးတီးကို ၁၂ ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့ဖူးပါတယ်။ ဒါပေမယ့် မန်စီးတီးဟာ သူတို့ အိမ်ကွင်းမှာ အာဆင်နယ်ကို နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲလုံးမှာ ရှုံးနိမ့်ခြင်း မရှိသေးပါဘူး (၇ ပွဲနိုင်၊ ၃ ပွဲသရေ)။ အာဆင်နယ်ဟာ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလက မန်နျူရယ် ပယ်လီဂရီနီ လက်ထက်မှာ နောက်ဆုံး အကြိမ် အဖြစ် မန်စီးတီးကွင်းမှာ အနိုင်ရထားခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


